Google Maps အသုံးပြုသူဆိုင်ရာ ထပ်ဆောင်း ဝန်ဆောင်မှုစည်းမျဉ်းများ

နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ- ၂၀၂၅ ခုနှစ် ဇွန်လ ၄ ရက်

Google Maps ကို ဖြစ်စေ၊ Google Maps Platform ဝန်ဆောင်မှုများကို ပေါင်းစပ်ထည့်သွင်းထားသည့် ပြင်ပကုမ္ပဏီ ထုတ်ကုန် (သို့) ဝန်ဆောင်မှုများကို ဖြစ်စေ အသုံးပြုခြင်းဖြင့် သင်သည် အသုံးပြုသူတစ်ဦးအနေနှင့် အောက်ပါတို့ကို လက်ခံရမည်- (၁) Google ဝန်ဆောင်မှုစည်းမျဉ်းများ၊ (၂) ဤ ‘Google Maps ထပ်ဆောင်း ဝန်ဆောင်မှုစည်းမျဉ်းများ’ (“Maps ထပ်ဆောင်း စည်းမျဉ်းများ”)။ Maps ထပ်ဆောင်း စည်းမျဉ်းများတွင် Google Maps/Google Earth နှင့် Google Maps/Google Earth API များအတွက် တရားဥပဒေကြောင်းအရ အသိပေးစာများ ကို ရည်ညွှန်းဖော်ပြခြင်းဖြင့် ထည့်သွင်းထားသည်။

ဤမှတ်တမ်းတစ်ခုချင်းစီကို သေချာစွာဖတ်ပါ။ ဤမှတ်တမ်းများကို “စည်းမျဉ်းများ” ဟု ခေါ်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုသည့်အခါ သင့်ဘက်မှ မျှော်လင့်နိုင်သည့်အရာများနှင့် ကျွန်ုပ်တို့ဘက်မှ လိုလားသည့်အရာများကို ၎င်းတို့တွင် ဖော်ပြထားပါသည်။

သင်၏ Business Profile ကို စီမံရန် Google Maps ရှိ ရောင်းသူသီးသန့် ဝန်ဆောင်မှုများကို သုံးပါက အဆိုပါအသုံးပြုမှုအတွက် https://support.google.com/business/answer/9292476 ရှိ Google Business Profile စည်းမျဉ်းများ အကျုံးဝင်သည်။

ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ မူဝါဒ ကို ဖတ်ရန် တိုက်တွန်းပါသည်။ ၎င်းတွင် ကျွန်ုပ်တို့ စုဆောင်းသည့် အချက်အလက်၊ ၎င်းကို စုဆောင်းရသည့် အကြောင်းရင်းနှင့် သင်သည် သင်၏အချက်အလက်ကို အပ်ဒိတ်လုပ်ခြင်း၊ စီမံခြင်း၊ ထုတ်ယူခြင်းနှင့် ဖျက်ခြင်း တို့ မည်သို့ပြုလုပ်နိုင်ကြောင်း ရှင်းပြထားသည်။

  1. လိုင်စင်။ ဤစည်းမျဉ်းများကို သင်လိုက်နာသရွေ့Google ဝန်ဆောင်မှုစည်းမျဉ်းများ က သင့်အား အောက်ပါတို့ကိုပြုလုပ်နိုင်ရန် တူးလ်များအပါအဝင် Google Maps သုံးခွင့် လိုင်စင်ပေးပါသည်။

    1. မြေပုံများကို ကြည့်ရှုပြီး မှတ်ချက်ရေးခြင်း၊

    2. KML ဖိုင်များနှင့် မြေပုံအလွှာများကို ပြုလုပ်ခြင်း၊

    3. ဗီဒီယိုနှင့် ပုံနှိပ်ထုတ်ခြင်းတွင် မှန်ကန်သည့် အွန်လိုင်း ရည်ညွှန်းချက်ပါရှိသည့် အကြောင်းအရာကို လူသိရှင်ကြား ပြသခြင်း။

  2. Google Maps ဖြင့် သင်လုပ်ဆောင်ခွင့်ရှိသည့် သီးခြားအရာများအကြောင်း အသေးစိတ်အချက်အလက်များအတွက် Google Maps၊ Google Earth နှင့် Street View သုံးခြင်း ဆိုင်ရာ ခွင့်ပြုချက်များ စာမျက်နှာကို ကြည့်ပါ။

  3. တားမြစ်ထားသော လုပ်ဆောင်ချက်။ ဤအပိုင်း ၂ ကို လိုက်နာမှုသည် Google Maps အသုံးပြုခွင့်လိုင်စင်၏ သတ်မှတ်ချက်ဖြစ်သည်။ Google Maps သုံးသည့်အခါ သင် (သို့မဟုတ် သင့်ကိုယ်စား လုပ်ဆောင်သူသည်) အောက်ပါတို့ကို လုပ်ခွင့်မရှိပါ-

    1. Google Maps ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ပြန်လည်ဖြန့်ဖြူးခြင်း/ရောင်းချခြင်း (သို့) Google Maps အပေါ်အခြေခံထားသော ထုတ်ကုန်/ဝန်ဆောင်မှု အသစ် ပြုလုပ်ခြင်း၊

    2. အကြောင်းအရာကို မိတ္တူကူးခြင်း (“မျှတသောအသုံးပြုမှု” အပါအဝင် Google Maps၊ Google Earth နှင့် Street View အသုံးပြုခြင်း ဆိုင်ရာ ခွင့်ပြုချက်များ စာမျက်နှာ (သို့) သက်ဆိုင်ရာ ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေအရ ထိုသို့လုပ်ရန် ခွင့်ပြုထားလျှင် လုပ်ဆောင်နိုင်သည်)၊

    3. အမြောက်အမြား ဒေါင်းလုဒ်လုပ်ခြင်း (သို့) အကြောင်းအရာ၏ အစုလိုက်အပြုံလိုက် ဖိဒ်များ ပြုလုပ်ခြင်း (သို့မဟုတ် အခြားသူတစ်ဦးကို ထိုသို့ပြုလုပ်ခွင့်ပေးခြင်း)၊

    4. Google Maps ကို အစားထိုးသည့် ဝန်ဆောင်မှု (သို့) ဆင်တူရိုးမှားဝန်ဆောင်မှုကို အသုံးပြုရာတွင် မြေပုံနှင့် ဆက်စပ်သော အခြားမည်သည့် ဒေတာစု (မြေပုံ၊ လမ်းကြောင်းရှာဖွေခြင်း ဒေတာစု၊ လုပ်ငန်း စာရင်းဒေတာစု၊ စာပို့စာရင်း သို့မဟုတ် တယ်လီဖုန်းဖြင့် ဈေးကွက်ရှာဖွေခြင်း စာရင်း အပါအဝင်) ကိုမဆို ပြုလုပ်ရန်၊ ပြည့်စုံလာစေရန် Google Maps ကို အသုံးပြုခြင်း၊

    5. Android Auto ကဲ့သို့သော Google က ပံ့ပိုးထားသည့် သီးခြားဝန်ဆောင်မှုမှအပ အခြားသူများ၏ အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်သည့် လမ်းကြောင်းပြစနစ်၊ ကိုယ်တိုင်စီမံသော ယာဉ်ထိန်းချုပ်စနစ်တို့အတွက် (သို့) ယင်းတို့နှင့် ဆက်စပ်သည့် ထုတ်ကုန်များ၊ ဝန်ဆောင်မှုများတွင် Google Maps ၏ မည်သည့်အစိတ်အပိုင်းကိုမဆို အသုံးပြုခြင်း၊

  4. အမှန်တကယ်ဖြစ်ပွားနေသည့် အခြေအနေများ၊ အန္တရာယ်အား တွက်ဆခြင်း။ Google Maps မြေပုံဒေတာ၊ ယာဉ်ကြောအသွားအလာ၊ ခရီးလမ်းညွှန်ချက်များနှင့် အခြားအကြောင်းအရာကို သုံးသည့်အခါ မြေပုံရလဒ်နှင့် အကြောင်းအရာများသည် အမှန်တကယ် အခြေအနေများနှင့် ကွဲပြားနိုင်သောကြောင့် သင်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို အားကိုးပြီး Google Maps ကို ကိုယ့်သဘောနှင့်ကိုယ် တာဝန်ယူ၍ အသုံးပြုပါ။ သင့်အပြုအမူနှင့် ယင်းအကျိုးဆက်များအတွက် သင့်တွင် အချိန်တိုင်းတာဝန်ရှိပါသည်။

  5. Google Maps ရှိ သင့်အကြောင်းအရာ။ Google Maps မှတစ်ဆင့် သင် အပ်လုဒ်လုပ်သော၊ ပေးပို့သော၊ သိမ်းသော၊ ပို့သော (သို့) ရရှိသော အကြောင်းအရာသည် “သင့်အကြောင်းအရာကို သုံးရန် ခွင့်ပြုခြင်း” ဟုခေါ်သည့် ကဏ္ဍအပါအဝင် Google ၏ ဝန်ဆောင်မှုစည်းမျဉ်းများ နှင့်အညီ ဖြစ်သည်။ သို့ရာတွင် သင့်စက်ပစ္စည်း၏ သီးသန့်အကြောင်းအရာ (စက်အတွင်း သိမ်းထားသည့် KML ဖိုင်ကဲ့သို့) အကြောင်းအရာကို Google သို့ အပ်လုဒ်လုပ်မည် (သို့) ပေးပို့မည် မဟုတ်သောကြောင့် ၎င်းမှာ ယင်းလိုင်စင်နှင့် မသက်ဆိုင်ပါ။

  6. အစိုးရ အသုံးပြုသူများ။ သင်သည် အစိုးရအဖွဲ့အစည်းတစ်ခု၏ ကိုယ်စားလှယ်အဖြစ် Google Maps ကို သုံးနေပါက အောက်ပါစည်းမျဉ်းများနှင့် သက်ဆိုင်ပါသည်-

    1. စီရင်ပိုင်ခွင့်ဥပဒေ။

      1. အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂရှိ မြို့ (သို့) ပြည်နယ် အစိုးရအဖွဲ့အစည်းများအတွက်မူ အုပ်ချုပ်ရေး ဥပဒေနှင့် နယ်မြေဆိုင်ရာ Google ဝန်ဆောင်မှုစည်းမျဉ်းများ ကဏ္ဍသည် သက်ဆိုင်မှုမရှိပါ။

      2. အမေရိကန်ပြည်ထောင်စု ဖက်ဒရယ် အစိုးရအဖွဲ့အစည်းများအတွက် အုပ်ချုပ်ရေး ဥပဒေနှင့် နယ်မြေဆိုင်ရာ Google ဝန်ဆောင်မှုစည်းမျဉ်းများ ကဏ္ဍကို အောက်ပါတို့နှင့် အစားထိုးသည်-

        “ဤစည်းမျဉ်းများကို အမေရိကန်ပြည်ထောင်စု၏ ဥပဒေများနှင့်အညီ အဓိပ္ပာယ်ကောက်ယူ၍ ဆောင်ရွက်မည်ဖြစ်ပြီး ဥပဒေများ ဝိရောဓိကို မကိုးကားဘဲ ပြဋ္ဌာန်းပါမည်။ ဖက်ဒရယ်ဥပဒေအရ ခွင့်ပြုထားသည့်အတိုင်းအတာတစ်ခုတည်းသာ- (က) သက်ဆိုင်ရာ ဖက်ဒရယ်ဥပဒေမရှိပါက ကယ်လီဖိုးနီးယားပြည်နယ်၏ ဥပဒေများ (ကယ်လီဖိုးနီးယား၏ ဥပဒေများ ဝိရောဓိ မှအပ) သက်ရောက်မည်ဖြစ်ပြီး (ခ) ဤစည်းမျဉ်းများ (သို့) Google Maps နှင့်ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သည့် အငြင်းပွားမှုများကို ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာကလာရာကောင်တီ၏ ဖယ်ဒရယ်တရားရုံးများတွင် သီးသန့်ဖြေရှင်းရမည်ဖြစ်ပြီး ပါဝင်သူများသည် ဤတရားရုံးများ၏ ကိုယ်ပိုင်အကြောင်းပြချက်ကို လက်ခံရမည်။”

    2. ယူအက်စ်အစိုးရ ကန့်သတ်ထားသော မူပိုင်ခွင့်များ။ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်အစိုးရ၏ Google Maps ကို သုံးခွင့် (သို့) အသုံးပြုမှု အားလုံးသည် Google Maps/Google Earth တရားဥပဒေကြောင်းအရ အသိပေးစာ. ရှိ “ယူအက်စ်အစိုးရ ကန့်သတ်ထားသော မူပိုင်ခွင့်များ” ကဏ္ဍနှင့်အညီ ဖြစ်သည်။